နည်းပညာအထူးပြု စိုက်ခင်းတစ်ခုကို လှည့်လည်လေ့လာခြင်း
အရည်အသွေးမြင့် အထွက်နှုန်းကောင်း အာလူးတွေရဖို့အတွက် ဖရိဟ်စိုက်ခင်းမှာ နည်းပညာကို ထဲထဲဝင်ဝင် အသုံးချ လုပ်ဆောင်နေတာပါ။ စိုက်ခင်းကိုဖြတ်ပြီး ပျံသန်းနေတဲ့ ဒရုန်းတွေနဲ့ ဂြိုဟ်တုပုံရိပ်တွေဟာဆိုရင် အချိန်တိုလေးအတွင်းမှာ ထောင်နဲ့ချီတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပြီး စိုက်ခင်းထဲမှာ မူမမှန်တာ ရှိမရှိ ပြောပြနိုင်ပါတယ်။ ပုံမှန်မဟုတ် ထူးဆန်းနေတဲ့ ဓာတ်ပုံတွေဆို စိုက်ခင်းရဲ့ ထုတ်လုပ်ရေးမန်နေဂျာ ထရာဗစ် မီးချမ် စုံစမ်းလေ့လာဖို့ အလိုအလျောက် ခွဲပြီးသားပါ။ ဖရိဟ်စိုက်ခင်းမှာ ထွန်ရေးကြောင်း ၈ ကြောင်းစာ အာလူးတွေကို ထွန်စက်တစ်စီးတည်းနဲ့ စိုက်သွားတာပါ။ စိုက်ပျိုးရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး လက်မမလွဲ တိကျစေဖို့အတွက် မီးချမ်က GPS (Global Positioning System) နည်းပညာကို အသုံးချပါတယ်။ စိုက်ခင်းရဲ့ ရေသွင်းထုတ်စနစ်မှာ ဆိုရင်လည်း ရေသွင်းထုတ်နှုန်း၊ ရေသွားလာတဲ့ ဦးတည်ရာနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အချိန်နဲ့ တပြေးညီ ကြည့်နိုင်ပါတယ်။
အာလူးဂိုဒေါင်တွေမှာ အပူချိန်ကို တသမတ်တည်း ထိန်းသိမ်းဖို့ အပူချိန်နဲ့ လေထုစိုထိုင်းဆကို ဒီဂရီရဲ့ ဆယ်ပုံတစ်ပုံကနေ တစ်ဒီဂရီအထိ တိုင်းတာထားပါတယ်။ ဒါကြောင့်ပဲ အာလူးကို ပျက်စီးစေနိုင်တဲ့ စိုနေတဲ့ ဒါမှမဟုတ် ပူနေတဲ့ နေရာတွေကို ရှောင်ရှားနိုင်တာပါ။ ဂိုဒေါင်ရဲ့ ဒီနည်းပညာက ပြင်ပလေ ဒါမှမဟုတ် လေအေးပေးစက် လိုမလို ဆိုတာကိုလည်း စောင့်ကြည့်နိုင်ပါတယ်။
အာလူးတွေဟာ ဖရိဟ်စိုက်ခင်းအတွက် အဓိကသီးနှံ ဖြစ်ပေမယ့် အခြားသီးနှံတွေကိုလည်း စိုက်ပျိုးပါသေးတယ်။ သီးနှံလှည့်စိုက်ခြင်း မဟာဗျူဟာက မြေဆီလွှာကျန်းမာရေးကို တိုးတက်စေနိုင်ပြီး အပင်ရောဂါဘယတွေကိုလည်း လျော့ပါးစေပါတယ်။ ဖရိဟ်စိုက်ခင်းမှာ အာလူးတွေကို နှစ်စဉ်စိုက်ပျိုးပေမယ့် အခင်းတစ်ခုစီတိုင်းမှာတော့ လေးနှစ်တစ်ခါ သီးနှံတွေကို လှည့်လည်စိုက်ပျိုးပါတယ်။
နွေရာသီမှာ ပူနွေးကြာရှည်တဲ့ နေ့တာနဲ့ အေးမြတဲ့ ညတာတွေကြောင့်အပြင် ရေသွင်းရေထုတ်စနစ်ကနေ ရေအမြဲမပြတ် ရရှိနိုင်တာကြောင့် ဝါရှင်တန်ပြည်နယ်ဟာ အာလူးစိုက်ဖို့ ကောင်းမွန်တဲ့ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ မြေပေါ်က အာလူးပင်တွေ ကြီးလာပြီး ထွန်ရေးကြောင်းတွေကြားက နေရာလပ်တွေ စေ့လာတာနဲ့အမျှ အာလူးတွေက မြေအောက်မှာ ဆက်လက်ကြီးထွားနေမှာ ဖြစ်ပါတယ်။ နှစ်စဉ် အာလူးတွေကို စက်တင်ဘာနဲ့ အောက်တိုဘာကြားမှာ ရိတ်သိမ်းပါတယ်။